Tuesday, July 23, 2013

K I O ဌာနချုပ်ရှိ ကူမင်းအမျိုးသားကောလိပ်၏ ပထမဆုံးနှစ်သင်တန်း ဩဂုတ်တွင် ဖွင့်ပြီ

K I O ဌာနချုပ်ရှိ ကူမင်းအမျိုးသားကောလိပ်၏ 
*****************************
ပထမဆုံးနှစ်သင်တန်း ဩဂုတ်တွင် ဖွင့်ပြီ
**************************
  23.july.2013 by MIZZIMA
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ တရုတ်နိုင်ငံ ကူမင်းအမျိုးသားကောလိပ်၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပထမဆုံးအတန်းကို ဩဂုတ်လ ၂၅ ရက်တွင် ကျောင်းသားစတင်လက်ခံကာ စတင်သင်ကြား
ပေးတော့မည်ဟု KIO ဗဟိုပညာရေးဌာနက သတင်းထုတ်ပြန်သည်။

လိုင်ဇာရှိ ကူမင်းအမျိုးသားကောလိပ်သည် တရုတ်နိုင်ငံ ကူမင်းအမျိုးသားတက္ကသိုလ်၏ ဌာနခွဲတစ်ခုအဖြစ် ၂၀ဝ၇၊ ၂၀ဝ၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဟု KIO ပညာရေးဌာန အတွင်းရေးမှူး ဆရာရော်ဆော်က မဇ္ဈိမကို ပြောသည်။

ယခင်က လိုင်ဇာရှိ ကူမင်းအမျိုးသားတက္ကသိုလ်ဌာနခွဲတွင် နှစ်နှစ် ပညာသင်ယူပြီးမှသာ တရုတ်နိုင်ငံ ကူမင်းအမျိုးသားတက္ကသိုလ်တွင် ပထမနှစ်ကစ ပြန်လည်သင်ယူရသည်။ ယခုမူ လိုင်ဇာတွင် နှစ်နှစ်ပညာသင်ယူ
ပြီးနောက် တရုတ်နိုင်ငံ ကူမင်းအမျိုးသား တက္ကသိုလ်တွင် တတိယနှစ်သင်တန်းနှင့် နောက်ဆုံးနှစ် သင်တန်းတို့သို့ တိုက်ရိုက် တက်ရောက်နိုင်သည်ဟု ဆရာရော်ဆော်က ပြောသည်။

“ကောလိပ်အဆင့် တိုးပေးထားတာ။ ဒီမှာ နှစ်နှစ်တက်ပြီး ဟိုမှာ တက္ကသိုလ်ပြန်တက်ဖို့ လုပ်ထားတာ။ ခုတော့ ဒီမှာ
နှစ်နှစ်တက်ပြီး ဟိုမှာ တက္ကသိုလ်တက်မယ်။ ကျွန်တော်တို့က ကူမင်းတက္ကသိုလ်ကျောင်းခွဲလို့ နာမည်ပေးထားတာ။ ဒီနှစ်က ကောလိပ်လို့ သတ်မှတ်ပေးလိုက်တယ်” ဟု ဆရာရော်ဆော်က ပြောသည်။

လာမည့် စက်တင်ဘာလ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ထိ ပထမနှစ်ပြီးဆုံးပြီး ဖေဖော်ဝါရီလ တစ်လကျောင်း
ပိတ်မည်ဖြစ်ကာ မတ်လ ၁ ရက်တွင် ဒုတိယနှစ် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

သင်ကြားမည့် ဆရာ၊ ဆရာမများမှာ ကူမင်းတက္ကသိုလ်မှ ပညာသင်ကြားခွင့်ပြုချက် ရရှိသူများဖြစ်သည်။ ပထမနှစ်တွင် တရုတ်ဘာသာနှင့် စကားကို ကျွမ်းကျင်မှု လေးခုဖြစ်သော ရေး၊ ဖတ်၊ ပြော၊ နားထောင်တို့ကို သင်ကြားမည်။ ဒုတိယနှစ်တွင် တရုတ် ဘာသာစကားနှင့် စာကျွမ်းကျင်ရန် ဆက်လက်သင်ကြားသွားမည် ဖြစ်သည်။

သင်ကြားမည့် သင်ရိုးများမှာ လတ်တလော ကူမင်းလူမျိုးစုတက္ကသိုလ်တွင် သင်ကြားပေးနေသော သင်ရိုးများဖြစ်ပြီး စာမေးပွဲကိုလည်း ထိုကျောင်းမှ စစ်ဆေးမေးမြန်းသည်။ ကျောင်းဆင်းလက်မှတ်ကိုမူ ကူမင်းအမျိုးသားတက္ကသိုလ်က
ပေးအပ်မည်ဖြစ်သည်။

အစိုးရကျောင်းများနှင့် KIO ကျောင်းများမှ အနှိမ့်ဆုံး ၁၀ တန်းအောင်မြင်သူ ဖြစ်ရမည်ဖြစ်ပြီး ဘွဲ့ရပြီးသူများကိုလည်း လက်ခံသလို၊ အဝေးသင်တက္ကသိုလ် ကျောင်းသူကျောင်းသားများကိုလည်း လက်ခံပြီး စာမေးပွဲ သွားရောက်ဖြေဆို
ခွင့်ပြုမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ကြေးတစ်နှစ်လျှင် တရုတ်ယွမ် ၅၀ဝ၀ (မြန်မာကျပ်ငွေ ရှစ်သိန်းနီးပါး) ဖြစ်သည်။ ဘော်ဒါနေလိုသူ
ကျောင်းသားများအတွက် တစ်လလျှင် တရုတ်ငွေ ၃၅၀ (ကျပ်ငွေ ခြောက်သောင်းခန့်) ဖြစ်သည်။ တခြားအသေးသုံး
များကို ကိုယ်တိုင် တာဝန်ယူရမည် ဖြစ်သည်။ အသက်အရွယ် ကန့်သတ်ထားခြင်းမရှိဘဲ ကျောင်းဝင်လျှောက်လွှာ
ပုံစံဖြည့်ပြီး KIO ပညာရေးဌာနသို့ ပေးပို့နိုင်သည်။

၂၀၁၂-၁၃ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားပေါင်း ၃၈ ဦးတက်ရောက်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်မှ ယမန်နှစ်ထိ
ကျောင်းသူကျောင်းသားပေါင်း ၁၃၆ ဦး တက်ရောက်နိုင်ခဲ့သည်။ ၂၀၁၃ ပညာသင်နှစ်တွင်မူ ၃၀ ဦး ကူမင်းတက္ကသိုလ်
တွင် တက်ရောက်နေသည်။

“သူတို့ထဲက ထက်မြက်တဲ့ လူတွေပါတယ်။ ၃ ယောက်က ဂုဏ်ထူးတန်းပါတယ်။ တရုတ်နိုင်ငံကတောင် အထောက်အပံ့ပေးတဲ့ လူတောင် ရှိနေပြီ။ တချို့က ၂ နှစ်လောက်တက်ပြီးသွားတယ်။ သွားတာ မတူဘူး။ အားလုံးက မသွားနိုင်ကြဘူး၊ သူတို့ တခြား ဘယ်နိုင်ငံပဲဖြစ်ဖြစ် အလုပ်သွားလုပ်လို့ရတယ်” ဟုဆိုသည်။

၁၉၉၄ ခုနှစ်က အစိုးရနှင့် KIO အပစ်အခတ်ရပ်စဲပြီးနောက် ပူးတွဲပညာသင်ကြားခွင့်ပေးသည့် အစီအစဉ်အရ KIO နယ်မြေရှိ ၁၀ တန်း ကျောင်းသူ/သားများကို နှစ်စဉ် စက်တင်ဘာလတွင် မြစ်ကြီးနားမြို့၌ ဘော်ဒါဆောင်အဖြစ် သီးသန့်နေထိုင်ပြီး အထက (၁) ကျောင်းတွင် တက်ရောက်၍ စာမေးပွဲဖြေဆိုခွင့်ပေးခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်မှ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အစိုးရဘက်မှ စာမေးပွဲလာရောက်ဖြေဆိုရန် ပြောဆိုခြင်း မရှိသဖြင့် KIO ဘက်မှလည်း လုံခြုံရေးစိုးရိမ်၍ ထိုအစီအစဉ်ကို ရပ်ဆိုင်းသွားခဲ့သည်။

* 23.july.2013 by MIZZIMA